အမေ့ပျောက်ခံဘဝများ

၇၅နှစ် ပူလောင်မှုနှင့်ယိုယွင်းမှု၏ အပိုင်းအစများ

အမေ့ပျောက်ခံဘဝများ


လင်းဖိုး (၁၉.၁.၂၀၂၄)

လေယာဉ်ဗုံးကြဲခံထားရသည့် အဆောက်အဦးကြီးဘေးရှိ တဲအိမ်လေး၌ ရဲဘော်စောနေဘလု (ကိုယ်ပိုင်အမှတ်-၆၄၀၇၇) သည် အခြားရဲဘော် (၃) ဦးနှင့်အတူ နေထိုင်ကြသည်။ ထိုနေရာသည် လူနေအရပ်နှင့်ဝေးသော တောတောင်များဝန်းရံသည့် နေရာတ ခုဖြစ်သည်။ စောနေဘလုမှာ အသက် (၂၀) သာရှိသေးသည့် ရဲဘော်တဦးဖြစ်သည်။ စောနေဘလုသည် ယခုအချိန်၌ ပို၍တိတ် ဆိတ်လာကာ အဝေးဆီသို့ငေးမောကြည့်၍ တွေဝေနေတတ်သည်။ တခါတလေတွင် ဘောသေထာရွာ၌ နေထိုင်သော သူ့မိဘ အကြောင်း၊ ညီငယ်/ညီမငယ်များအကြောင်းကို သူငယ်ချင်းများအား ပြောပြတတ်သည်။ တခါတလေ၌ သူ့ကိုယ်သူ အားမလို အားမရဖြစ်ကာ အော်ဟစ်ဆဲဆိုသည်မှလွှဲ၍ အချိန်အများစုမှာ သူ့မျက်နှာပေါ်၌ အားငယ်သည့်သဏ္ဍန် ပေါ်လွင်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ၏ နံနက်ခင်းတွင်ဖြစ်သည်။ ရှေ့တန်းနေရာ တောင်သုံးလုံးနယ်မြေအနီး တဝှိုက်၌ ရဲဘော်စောနေဘလုသည် အခြားရဲဘော် (၃) ဦးဖြင့်ကင်းလှည့်ကြသည်။ ရဲဘော် (၄) ဦးသည် တဦးနှင့်တဦး ၅ လံခန့်အကွာ လျှောက်၍ စောနေဘလုက ရှေ့ဆုံးမှသွားသည်။ ကင်းလှည့်ရာတွင် ခြေသံမထွက်စေဘဲ တိတ်တဆိတ်ဖြင့်လျှောက်ရပြီး အချင်းချင်းအကြား ညွှန်ကြားစရာ၊ အချက်ပြစရာ၊ သတိပေးစရာများရှိပါက ခြေဟန်၊ လက်ဟန် ပြခြင်းဖြင့်သာ ပြောဆိုရသည်။ ရှေ့တန်းစစ်မျက်နှာရှိ ရန်သူနှင့်အ နီးဆုံးနေရာ၌ အချိန်မရွေးသေနိုင်သည် မဟုတ်ပါလား။ သူတို့သည် စစ်မြေပြင်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ စစ်မြေပြင်၌ အမိန့်နှင့် တာဝန်သာရှိသည်။ ပေးအပ်လာသည့် တာဝန်အပေါ် ဆင်ခြေပေး၍မရပေ။ အမိန့်နာခံမှုသည်သာ အဓိကဖြစ်သည်။ ရဲ ဘော် (၄) ဦးသည် သတိအနေအထားဖြင့် (၂) နာရီခန့် လမ်းလျှောက်လာပြီး လမ်းကွေ့တခုအရောက်တွင် "ဘုံး" ဟူသည့်အသံ ကျယ်ကြီးနှင့်အတူ ရှေ့ဆုံးမှသွားနေသော စောနေဘလုလည်း လမ်းဘေးသို့ လွှင့်သွားလေတော့သည်။ ထိုအသံမှာ တိုက်မိုင်းအ သံဖြစ်ကြောင်း အခြားရဲဘော်များ သိသည်။ မိမိ၏သူငယ်ချင်းလည်း ရန်သူမိုင်းထိပြီးဖြစ်ကြောင်းလည်း နားလည်လိုက်သည်။

ထို့ကြောင့် သူတို့သည် စောနေဘလုထံသို့ အမြန်ပြေးသွားကာ သေလား၊ ရှင်လား၊ မည်သို့ထိခိုက်သွားသည်ကို အမြန်စစ်ဆေး ကြသည်။ ရန်သူတိုက်မိုင်းသည် စောနေဘလု ညာဘက်ခြေထောက်ကို ထိခိုက်ပျက်စီးစေပြီး ခန္ဓာကိုယ်အခြားနေရာနှင့် ဦးခေါင်း တို့ အနည်းငယ်ထိထားသည်ကို သူတို့တွေ့လိုက်သည်။ ညာဘက်ခြေထောက်တခုလုံးမှာ ကြေသွားကာ အသားစနှင့် အရိုးစအ ချို့ လွှင့်ထွက်သွားသည်ကို သူတို့တွေ့ရသည်။ ဦးခေါင်းကို ထိထားသည့်အတွက်လည်း စောနေဘလုမှာ သတိရတချက်၊ မရတ ချက် ဖြစ်နေသည်။ ဒဏ်ရာသွေးထွက်မလွန်အောင် အသင့်ပါလာသော ကြိုးဖြင့် ပေါင်ရင်း၌ တင်းကျပ်စွာ ချည်ထားလိုက်သည်။ ဦးခေါင်းကိုလည်း ပတ်တီးတခုဖြင့် ပတ်၍ချည်ထားလိုက်သည်။ လက်ကိုင်စကားပြောစက်ဖြင့် ယာယီစခန်း၌ကျန်ရှိသော ဆရာဝန်နှင့်အခြားရဲဘော်များကို လှမ်းခေါ်ရသည်။ ဆရာဝန်နှင့်အခြားရဲဘော်များလည်း အမြန်ရောက်လာသည်။ ဆရာဝန်က အရေးပေါ် ဆေးတလုံးထိုးပေးသည်။ ထို့နောက် အနီးဆုံးတွင်ရှိသော ဆေးရုံငယ်လေးတခုသို့ အမြန်ပို့ဆောင်သည်။ ဆရာဝန်များ စစ်ဆေးကြည့်ရာ ခြေထောက်ကို ပေါင်းရင်းအထိဖြတ်ရမည်ဖြစ်ကြောင်း၊ ဦးခေါင်းဒဏ်ရာမှာ မည်မျှနက်သည်ကိုမသိကြောင်း ပြောပြသည်။ ဆေးရုံငယ်လေးတွင် ပစ္စည်းကိရိယာ စုံစုံလင်လင်မရှိပေ။ စောနေဘလု၏ခြေထောက်ကို ပေါင်ရင်းအထိဖြတ်ရမည့်အပြင် ဦးခေါင်းဒဏ်ရာကိုလည်း သေချာမသိရသောကြောင့် တာဝန်ရှိသူများက ထိုင်းဘက်ခြမ်းသို့ပို့ရန် အမြန်စီစဉ်ရပြန်သည်။ နောက်ဆုံး၌ စောနေဘလုကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့အနီးရှိ ဆေးရုံတရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။ ဆေးရုံအမည်နှင့်နေရာအတိအကျကိုမူ သူမသိပေ။ ဆေးရုံတက်စဉ်ကာလတွင်လည်း အပြင်သို့ ထွက်ခွင့်မရပေ။ ဆေးရုံက စောနေ ဘလု၏ညာခြေထောက်ကို ပေါင်ရင်းအထိဖြတ်ထုတ်၍ ကုသပေးလျက်ရှိပြီး၊ ဦးခေါင်းထဲသို့စိုက်ဝင်ထားသည့် မိုင်းစတခုသည် ဦးနှောက်အမြှေးပါးနှင့် အလွန်နီးကပ်သည့်အတွက် ဆရာဝန်များ ခွဲစိတ်မှုမလုပ်ရဲကြပေ။ ခြေထောက်အတွက်မှာ ခြေတုရှိသော်လည်း ဦးခေါင်းအတွက်မှာမူ သောက်ဆေးသာရှိသည်။ မိုင်းစတန်းလန်းရှိနေသည့် ဦးခေါင်းဒဏ်ရာကြောင့် စောနေဘလုမှာ မ ကြာခဏ ခေါင်းကိုက်သည်။ အထူးသဖြင့် အပူပြင်းသည့်အချိန်မျိုး၊ နေရောင်အောက် တိုက်ရိုက်ရှိနေသည့်အချိန်မျိုး၌ဖြစ်သည်။ ခြေထောက်ဒဏ်ရာ သက်သာသောအခါ စောနေဘလုကို ခြေထောက်အတုတပ်ဆင်ပေး၍ လမ်းလျှောက် လေ့ကျင့်ခိုင်းသည်။ ထိုင်းဘက်ခြမ်း၌ (၃) လခန့် ဆေးရုံတက်ပြီးနောက် ခြေတုတဖက်ဖြင့် ရဲဘော်စောနေဘလုတယောက် ဆေးရုံဆင်းလာရသည်။

ဆေးရုံဆင်းလာသော ရဲဘော်စောနေဘလုသည် မိဘများရှိရာ ဘောသေထာရွာသို့ ပြန်အနားယူလိုက်သည်။ မိမိရွာ၌ မိဘ၊ ညီ ကိုမောင်နှမများနှင့်အတူ တလခန့်နေထိုင်ပြီးနောက် သူ့မိခင်တပ်ရင်းသို့ပြန်လာ၍ တာဝန်ထမ်းဆောင်သည်။ ယခုတကြိမ် မိမိ တပ်ရင်းသို့ပြန်လာ၍ တာဝန်ထမ်းဆောင်သော်လည်း စတင်ရောက်ရှိချိန်ကဲ့သို့ စောနေဘလု တက်ကြွမှုမရှိတော့ပေ။ သူတို့ရွာ ၌ မူလတန်းအထိသာ စာသင်ကျောင်းရှိသည့်အတွက် စောနေဘလုသည် မူလတန်းအထိသာ ကျောင်းတက်ရပြီးနောက် စာသင် ခန်းကိုကျောခိုင်းကာ မိသားစုလုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်းကို ဝိုင်းဝန်းလုပ်ကိုင်သည်။ တောင်ပေါ်ဒေသဖြစ်သည့်အား လျှော်စွာ တောင်ယာလုပ်ငန်းအပြင် အခြားအသက်မွေးဝမ်းလုပ်ငန်းများလည်းမရှိပေ။ ယခုအချိန်၌ ခြေထောက်တဖက်ဖြတ် လိုက်ရသည့် ဒုက္ခိတလူသားတဦးဖြစ်သွားသည့်အတွက် တောင်ယာလုပ်ငန်းခွင်ဝင်ရန် သူ့အတွက်မှာ စိန်ခေါ်မှုများစွာ ဖြစ်လာ သည်။ ဦးခေါင်းတွင် မိုင်းစကျန်နေသည့်အတွက်လည်း နေပူရာတွင်ဖြစ်စေ၊ အလုပ်ကြမ်းလုပ်ရာတွင်ဖြစ်စေ ခေါင်းကိုက်ဝေဒနာ ခံစားရပြန်သည်။ ထို့ကြောင့် စောနေဘလုအနေဖြင့် အပင်ပန်းခံ၍ မရတော့ပေ။ ဒုက္ခိတဖြစ်နေပြီး ခေါင်းကိုက်ဝေဒနာလည်း ရရှိထားသည့်အတွက် ပေါ့ပါးသောလုပ်ငန်းများ၊ ရုံးလုပ်ငန်းများ လုပ်နိုင်သည်ဟုယူဆသဖြင့် မိမိတပ်ရင်းသို့ ပြန်လာခြင်းပင်။

စောနေဘလုကဲ့သို့ ခြေတု၊ လက်တုဖြင့် ခန္ဓာကိုယ်ထိခိုက်ပျက်စီးသွားသော ဒုက္ခိတရဲဘော်များကို နောက်တန်း၌ နေထိုင်စေ၍ စခန်းစောင့်၊ ဂိတ်စောင့်၊ ဂိုဒေါင်စောင့် စသည်ဖြင့် တာဝန်ပေးတတ်ကြသည်။ ယခု စောနေဘလု သွားရောက်နေထိုင်ရသည့် နေရာမှာလည်း စခန်းစောင့်အနေအထားဖြစ်သည်။ ထိုနေရာ၌ရှိသည့် ရဲဘော် (၄) ဦးစလုံးတွင် စောနေဘလုမှာ ပေါင်ရင်းအထိ ခြေဖြတ်ခံထားရသူဖြစ်ပြီး ကျန်ရဲဘော် (၃) ဦးမှာ ဒူးဆစ်အထိသာ ခြေဖြတ်ထားရသည်။ ပျက်စီးသွားသောအဆောက်အဦးဝင်း အတွင်း သူတို့ကို လာပို့ထားပြီးနောက် တပ်ရင်းတာဝန်ရှိ သူများဖြစ်စေ၊ တာဝန်ရှိသည့်အဖွဲ့အစည်းခေါင်းဆောင်များဖြစ်စေ သူ တို့ထံသို့ ရောက်မလာကြတော့။ ရိက္ခာအတွက် ဆန်၊ ပဲ၊ ဆား၊ ငရုတ်သီး ပို့ထားပေးခြင်းမှလွှဲ၍လည်း တခြားဘာမှရောက်မလာ ပေ။ ထို့ကြောင့် သူတို့နေရာအနီးတဝှိုက်တွင် ရာသီအလိုက်ပေါက်သော သဘာဝဟင်းသီးဟင်းရွက်ပင်များကိုသာ နေ့စဉ်ရိက္ခာ အဖြစ် အားထားရသည်။ သူတို့ကို ဤအတိုင်းသာလာပို့ပြီး မည်သည့်ညွှန်ကြားချက်မှ မပေးသည့်အတွက်လည်း သူတို့က ဘာ လုပ်ရမှန်းမသိဘဲ ထိုအတိုင်းသာနေကာ နေ့စဉ်ဖြတ်သန်းရခြင်းကြောင့် သူတို့ကို ချောင်ထိုးထားသည်ဟု ယူဆလာသည်။

ထိုကဲ့သို့ ချောင်ထိုးခြင်းခံနေရသည့်ကို မနှစ်မြို့ကြသော်လည်း စောနေဘလုတို့အဖွဲ့သည် မည်သူ့ကိုမှ စောဒကတက်၍မရပေ။ သူတို့သည် ဒုက္ခိတရဲဘော်များဖြစ်သည့်အတွက် သူတို့ကို မည်သူမှအလေးမထားသလို၊ သူတို့အသံကိုလည်း နားမထောင်ပေ။ ယခုအချိန်၌ အသက် (၂၀) သာရှိသေးသော စောနေဘလုသည် ရှေ့တန်း၌ရဲဝံ့စွာတိုက်ပွဲဝင်ခဲ့သူဖြစ်သလို၊ ခြေတဖက်ဖြတ်ထား ရပြီး ဦးခေါင်းဒဏ်ရာကြောင့်လည်း အမြဲလိုလို ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီးဖြစ်သည်။ ထိုကဲ့သို့ပေးဆပ်ခြင်းအတွက် အဖွဲ့ အစည်းထံမှဖြစ်စေ၊ ခေါင်းဆောင်များထံမှဖြစ်စေ သူပြန်ရလိုက်သည့်အရာမှာ ချောင်ထိုးခံရခြင်းသာဖြစ်သည်။ သို့သော် တော် လှန်ရေးထဲသို့ဝင်လာခြင်းမှာ တခုခုရရှိရန်မျှော်လင့်ချက်ဖြင့် ဝင်လာခြင်းမဟုတ်ဘဲ မိမိနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်လုပ်ဆောင်လိုသည့်ဆန္ဒဖြင့် တော်လှန်ရေးထဲသို့ရောက်လာခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အသက် (၂၀) သာရှိသေးသော စောနေဘလုသည် ယခု သူကြုံနေရသည့်ဖြစ်ရပ်များအပေါ်၌ အနာဂတ် မဲ့သလိုဖြစ်လာကာ ငေးမှိုင်တွေဝေတတ်သည်။ အသက် (၂၀) ဆိုသည်မှာ လူငယ်လေးတဦးမျှသာဖြစ်သည်။ သို့သော် စောနေ ဘလုအတွက်မှာ ဘဝခါးခါးကြီးတခုကို ရင်ဝယ်ပိုက်ထားရပြီးဖြစ်သည်။ တခါတလေ၌ ကိုယ့်အဖြစ်အပေါ် အားမရခြင်း၊ အား ငယ်ခြင်းတို့ တပြိုင်တည်းဖြစ်ပေါ်သည်။ အားမရဖြစ်ခြင်းမှာ မိမိလူမှုဝန်းကျင်နယ်မြေအတွင်း၌ တည်ငြိမ်အေးချမ်းမှုမရှိသေး သည့်အတွက် အမျိုးသားရေးအပေါ် တာဝန်မကျေသေးဟု ခံစားရခြင်းဖြစ်ပြီး အားငယ်မှုဖြစ်ရခြင်းမှာ ဘာမှထပ်မလုပ်ပေးနိုင် ဘဲ မျှော်လင့်ချက်မဲ့သလို ဖြစ်နေသောကြောင့်သာ။ တခါတလေ၌ စောနေဘလုသည် မိမိငယ်ဘဝ အတိတ်ဆီသို့ အတွေးဝင် လာတတ်သည်။ အကယ်၍ ဘောသေထာရွာ သို့မဟုတ် အနီးပတ်ဝန်းကျင်ရွာများ၌ အထက်တန်းကျောင်းများရှိခဲ့ပါမူ သူ့အနေဖြင့် ကျောင်းတက်ပညာရှာ၍ အခြားအသက်မွေးဝမ်းကျောင်းပညာတခုခုကို သင်ကြားတတ်မြောက်ထားမည်ဖြစ်ပြီး ယခုလို ခန္ဓာကိုယ်ချို့ယွင်းအားနည်းသွားသည့်အပေါ် စိုးရိမ်ကြောင့်ကျစရာမလိုပေ။ သို့သော် လက်တွေ့ဘဝတွင်ကား ထိုသို့မဟုတ်ပေ။ တော်လှန်ရေး (၇၅) နှစ်သို့ ဝင်လာသည့်တိုင်အောင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်စေ၊ အဖွဲ့အစည်းခေါင်းဆောင်များဖြစ်စေ လူထုအတွက် ပညာရေးနှင့်ဖွံ့ဖြိုးရေးအစီအစဉ်များ မယ်မယ်ရရလုပ်ဆောင်ပေးခြင်း မရှိပေ။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမရှိ သည့်အပြင် မိမိခြေတဖက်ဆုံးရှုံးသွားသည်အထိ ရန်သူများနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်သည့်အချိန်၌ ခေါင်းဆောင်များကမူ ထိုရန်သူတို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းများရှိကြောင်း တဆင့်စကားဖြင့် သဲ့သဲ့ကြားရသည့်အတွက် အံ့ အားသင့်ရသည်။ ထို့အပြင် ခေါင်းဆောင်ဆိုသူများက နယ်စပ်ဒေသများရှိ လောင်းကစားစီးပွားရေးလုပ်ငန်းများ၌ ပတ်သက်မှုရှိ ကြောင်း သတင်းကြားရသည့်အတွက်လည်း စောနေဘလုမှာ ပို၍ပင်အံ့အားသင့်ရသည်။ မိမိတို့ရွာလူထုများမှာ အကြောက်တ ရားဖြင့် နှစ်ပေါင်းများစွာ နေထိုင်ရသလို ယခုလည်း မည်သည့်အချိန်၌ ဗုံးကြဲခံရမည်မသိဘဲ စိုးရိမ်စွာဖြင့် နေထိုင်ရစဉ်တွင် ခေါင်းဆောင်ဆိုသူများ၏လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။ ထို့ကြောင့်ပင် ယခုတကြိမ် မိမိတပ်ရင်းသို့ပြန်လာသော် လည်း စောနေဘလုမှာ တက်ကြွမှု မရှိတော့ပေ။

တော်လှန်ရေးနယ်မြေရှိ လူထုများ ပညာရည်မြင့်မားလာရေးအတွက်ဖြစ်စေ၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်စေ တာဝန်ရှိသူများ ထိထိရောက်ရောက်ဆောင်ရွက်ပေးခြင်းကို စောနေဘလု မတွေ့မိပေ။ ပိုဆိုးသည်မှာ ဒေသခံလူထုများက ကြောက်ရွံ့ ထိတ်လန့်စွာ သတိဖြင့်နေထိုင်ရစဉ်တွင် တော်လှန်ရေးခေါင်းဆောင်ဆိုသူများက ကြက်ပျောက်ငှက်ပျောက်ဖြစ်နေခြင်းပင်။ ထို အချိန်မျိုးတွင် ပြည်သူများအတွက်မှာ အားကိုးရာမဲ့ဖြစ်နေလျက်သာ။ ခေါင်းဆောင်များက တဖက်နိုင်ငံ ထိုင်းဘက်ခြမ်း၌ အိမ် ပိုင်ယာပိုင်ရှိကြောင်း စောနေဘလု ကြားဖူးသည်ကို ယခုအချိန်တွင်မှ ပြန်သတိရမိသည်။ တော်လှန်ရေးဒဏ် လူထုခံဟုသာ သ ဘောထားရမလိုပင်။ မည်သို့ပင်စဉ်းစား၍ အဖြေထုတ်စေကာမူ စောနေဘလုသိလိုက်သည့်အရာမှာ ခေါင်းဆောင်ဆိုသူများက တော်လှန်ရေးအကြောင်း အာပေါင်အာရင်းသန်သန် မည်သို့ပင် ကြွေးကြော်နေကြသော်လည်း သူတို့၏ကြွေးကြော်သံအောက်၌ဝယ် ဒုက္ခိတရဲဘော်များနှင့်ဒေသခံပြည်သူများမှာ အမေ့ပျောက်ခံလူသားများ ဖြစ်နေရသည်။

တပ်ထဲသို့ရောက်ခါစ၌ မည်သို့ပင် စိတ်အားထက်သန်စေကာမူ ယခုအချိန်၌ စိတ်အားထက်သန်မှုများ၊ ခံယူချက်များမှာ အရင် အတိုင်းမဟုတ်တော့ဘဲ ထိုအစား မျှော်လင့်ချက်မဲ့မှုများ၊ စိတ်ဓာတ်ကျမှုများက အစားထိုးနေရာယူလာပြီးဖြစ်သည်။ ထိုသို့ဖြစ် နေသည့်အပေါ် ရဲဘော်စောနေဘလုသည် မိမိ၏ပကတိဖြစ်တည်မှုအတွက် ကံကြမ္မာကိုလည်း ရိုးမယ်မဖွဲ့သလို၊ မည်သူ့ကိုမှ လည်းအပြစ်မတင်ပေ။ သို့သော် ဦးဆောင်သူများအပေါ်တွင် ယုံကြည်မှုမဲ့လာသလို အဖွဲ့အစည်းအပေါ်တွင်ဖြစ်စေ၊ တော်လှန် ရေးအပေါ်တွင်ဖြစ်စေ မျှော်လင့်ချက်မဲ့လာသည်ကတော့ ငြင်းဆန်မရသည့် အမှန်တရားတခုပင်။


ဤဆောင်းပါး၌ပါရှိသော အာဘော်သည် စာ‌‌ရေးသူ၏ အာဘော်သာဖြစ်သည်။