၇၅ နှစ်အတွင်းရောက်ရှိ့လာသည့်  ကရင်တော်လှန်ရေးနေ့နှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ့သော အနာဂါတ်ကော်သူးလေအိမ်မက်

၇၅ နှစ်ကရင်တော်လှန်ရေးနေ့နှင့် 

ကော်သူးလေအိမ်မက် 

စောအဲလ်ဘတ်ချို

January 31, 2024.

၁။ နိဒါန်း    


ကရင်လူမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ခရီးနှင် လာရသည့်အချိန် ကာလ သည် မျိုးဆက် ၃ ဆက်၊ ၇၅ နှစ်အထိရှိ့နေပြီး မကြာခင်မျိုးဆက်သစ် (သို့မဟုတ်) စတုထ္ထမျိုးဆက် တို့ထံ လက်နက်ကိုင် တော်လှန်ရေးတာဝန် ပုခုံးလွဲပေးရတော့မည်ဆိုသည်ကိုတော့ မည်သူက ခန့်မှန်း၍ ရနိုင်မည်နည်း။ ဤ ၇၅ နှစ်ပြည့် အချိန်မှာပင် ကရင်တို့သည် ပုံစံအသစ် တမျိုးအသွင်ဖြင့် လက်နက် ကိုင်တော်လှန်ရေးကိုအဆုံးသတ်ကာ ကိုယ့်ကိုယ်ပိုင်ပြဌာန်းခွင့် အတက်တည်ဆောက်ရေးကို ရောက် လာမည်လားကိုပင် ယတိပြ ပြော၍မရေသးပေ။ သို့သော် ကရင်တို့သည် ခက်ခဲကြမ်းတမ်းလှသည့် လက်နက်ကိုင်တော်လှန်ရေးမှာ ဥက္ကဌစောဘဦးကြီး ချမှတ် ခဲ့သည့် မူ (၄)ချက်အပေါ် ခိုင်မြဲစွာ ရပ်တည်လျက် ပန်းတိုင်မရောက်သရွေ့ ကရင်လူမျိုးတို့သည် တော်လှန်ရေးကို ဆက်လက် ဆင်နွဲ ပေဦးမည်ကိုတော့ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့် ရောက်ရှိ့ လာမည့် ၇၅ နှစ်ပြည့် ကရင် လက်နက်ကိုင်တော်လှန်ရေးမှာ ကရင်လူမျိုးများအတွက် အဆုံးအဖြတ် တခုဖြစ်လာမည်လား၊ ကော်သူး လေးအနာဂါတ်သည် မည်သို့ဖြစ်လာနိုင်သနည်း စသဖြင့် သုံးသပ်ဆန်း စစ်မှုမျိုးကိုလည်း စာရေးသူ အနေဖြင့် သုံးသပ်လိုသည်။ အခြားတစ်ဖက်တွင်လည်း ဘာကြောင့် ကရင့် လက်နက်ကိုင် တော်လှန်ရေး ဖြစ်ပေါ်ရပြီး ကရင်လက်နက်ကိုင်တော်လှန်ရေး၏ ပန်းတိုင်သည် ဘယ်အရာနည်းဆို သည်လည်း သိရှိ့ ဖို့လိုမည်ဖြစ်သည်။ ထို့ကြောင့် ဤထင်မြင်သုံးသပ်ချက်ဆောင်းပါးတွင် သမိုင်းကို အနည်းအကျည်းအခြေခံပြီး စာရေးသူ၏ အထင်အမြင် အယူအဆများကိုသာ ထည့်သွင်းပြီး ရေးသားထားသည့်အတွက်ကြောင့် မှားယွင်းသည်များဖြစ်ခဲ့သည်ရှိ့သော် စာရေးသူ၏ တာဝန်သာဖြစ် သည်။


၂။ ကရင်တော်လှန်ရေးဖြစ်တည်လာရသည့် နောက်ခံသမိုင်း

ကရင်လူမျိုးတို့သည် ကိုလိုနီအုပ်ချုပ်သည့် ဗမာပြည်အတွင်း နိုင်ငံသားအဖြစ်ရှိ့နေပြီး ၁၈၈၁ ခုနှစ်တွင် ကရင်အမျိုးသားအသင်းကို ဖွဲ့စည်း လာနိုင်ပြီး ကရင်လူထုကို နိုင်ငံရေး၊ လူမှုရေး နှင့် ပညာရေးအပိုင်းတွင်များစွာအလုပ်အကြွေးပြုနိုင်ခဲ့သည်။ ကိုလိုနီမှ မိမိအုပ်ချုပ်နယ်မြေများကို ပြန်လည်လွတ်လပ်ခွင့်ပေးရန်အချိန်ကျလာသည့်အခါတွင် ကရင်လူမျိုးအတွက် နိုင်ငံရေးအလည့် အပြောင်းဖြစ်ရုံသာမက ဗမာနိုင်ငံအတွင်းရှိ့ လူမျိုးစုတိုင်း အတွက်လည်း နိုင်ငံရေးအလည့်ပြောင်း ဖြစ်လာခဲ့သည်။ ကရင်တို့အတွက်မူ လက်နက်ကိုင်တော်လှန် ရေးဆင်နွဲရသည့်အဖြစ်ကို ရောက်ရှိ့လာသည်က ယခု (၂၀၂၄) တိုင်ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးဖြစ်တည်လာရသည့် အရင်းသမိုင်းကြောင်း နောက်ခံကိုကြည့်လျှင် ကရင်တို့သည် နိုင်ငံရေးအရ ချန်လှန်ထားခြင်းကို ခံခဲ့ရခြင်းကြောင့် ပြောရမည်ဖြစ်သည်။ ကရင်လူထု သပိတ်/ ဆန္ဒထုတ်ဖေါ်မှနေ၍ နောက်ပိုင်းတွင် ကရင့်လက်နက်ကိုင်တော်လှန်ရေးအထိ ဖြစ်လာရသည်။  ဤအရာကိုအဆင့် ၂ ဆင့် ဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ 

အဆင့် ၁) ပထမသပိတ် ကိုလိုနီကာလ


အင်္ဂလိပ်အစိုးရနှင့်တွေ့ဆုံဆွေးနွေးရာတွင် ကရင်ကိုယ်စားလှယ်မပါခြင်း၊  စာချုပ်ချုပ်ဆိုမှု တွင် ကရင်သဘောထားမပါရှိ့ခြင်းနှင့် ကရင်ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရမှု၊ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ကရင်ကိုယ်စားလှယ်အရေအတွက် နည်းပါးလွန်းမှု၊ ယခင်သီးခြားရှိ့နေသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ကို ဆက်လက်ထားရှိ့မှုမရှိ့ခြင်းနှင့် တိုင်းပြည်ပြည်ပြု အစည်းအဝေးတွေမှာ ကရင်ပြည်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု မပါရှိမှု စသည့်အရာသည် တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဖြစ်လာ သည့် အရင်းခံအကြောင်းအရာဖြစ်သည်။ ထိုအချက်တွေကို အင်္ဂလိပ်ထံ တင်ပြတောင်းဆိုရာတွင် ၁၉၄၇ခုနှစ်၊ မတ်လ ၃၁ ရက်အထိ နောက်ဆုံးအနေဖြင့် စောင့်ဆိုင်းမည်ဟု တင်ပြထားသော်လည်း အစိုးရထံ တုန့်ပြန်မှုတစုံတရာမရှိ့ခဲ့သဖြင့် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ ကြရသည်။ ကရင်လူထု၏ ပထမသပိတ်သည် ၁၉၄၇ခုနှစ်၊ ဧပြီလ ၉ နေ့ဖြစ်သည်။ ပိုပြီးထိရောက်မှုရှိ့ ရန်လည်း အင်္ဂလိပ်အစိုးရအဖွဲ့ဝင်အတွင်းပါရှိ့နေသော ဝန်ကြီး စောဘဦးကြီးသည်လည်း နှုတ်ထွက်ရန် တောင်းဆိုမှုရှိ့ခဲ့၍ ဝန်ကြီးကိုယ်၌ ကရင်လူထုကိုယ်စားပြုတို့၏ ဆန္ဒအတိုင်း နှုတ်ထွက်ခဲ့သည်။


အဆင့် ၂) ဒုတိယသပိတ် လွတ်လပ်ရေးရပြီးချိန်


         ၁၉၄၈ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ့ခဲ့သည်။ မြန်မာပြည်သည် အင်္ဂလိပ်ထံ လွတ်လပ်ရေးရခဲ့သော်လည်း ကရင်လူမျိုးကိုမူ နယ်ချဲ့လက်ကိုင်တုတ် အဖြစ် ရှုံ့ချ ပြောဆို ခဲ့သည်။ ဆူပူသောင်းကျန်းသူဟူ၍လည်း တင်စားရေးသားလာခဲ့ကြသည်။ ကေအဲန်ယူ- ကရင်အမျိုး သားအစည်းရုံးသည် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ကရင်ပြည်အားပေးရန် ဖဆပလအစိုးရ ထံ တောင်းဆို လာခဲ့သည်။ ဤတောင်းဆိုချက်သည် ပိုမိုလေးနက်ရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးသည် ကရင်လူထုများကိုစည်းရုံးပြီး မြန်မာပြည်တနိုင်ငံလုံးအတိုင်းအတာ ဆန္ဒထုတ်ဖေါ်မှု သပိတ်ကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး ကရင်လူထု ၄ သိန်းကျော်တက်ကြွစွာ ပါဝင်ခဲ့ သည်။ သို့သော် မတ်လ (၃) ရက်အထိ မည့်သည့်အကြောင်းမထူးခဲ့ချေ။

 

         သမိုင်းတွင်ဖြစ်တည်ခဲ့သော ပထမကရင်လူထုသပိတ်သည် သက်ရောက်မှုလည်းရှိ့ခဲ့သည်။ ဖဆပလသည် ကရင်တို့ကို အကျပ်ကိုင်ရန် ကရင်လူထုနှင့်ဗမာ လူထုအကြားနားလည်မှုလွဲအောင် ဖန်တီးလာပြီး (လူမျိုးရေးပြသနာဖန်တီးမှု) တဆက်တည်းတွင် ကရင်များ၏လက်ထဲတွင်ရှိ့နေသော လက်နက်များကိုသိမ်းယူရန်အထိလုပ်ဆောင်ခဲ့သည်။ အခြားတစ်ဖက်တွင် ကေအဲန်ယူ သည် မော်လမြိုင် ညီလာခံကို ၁၉၄၇ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်တွင် ခေါ်ယူကျင်းပနိုင်ခဲ့ပြီး  ကိုယ်စားလှယ် (၇၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ပြီး ညီလာခံ၏ ရှေ့ဆက်လုပ်ငန်းစဉ် (၇)ရပ်ကို ချမှတ်နိုင်ခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်တွင် တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကို ကရင်တို့မှ သပိတ်မှောက်သဖြင့် ထိုမှတဆင့် ဖြစ်တည်လာသော လွတ်တော်မှ အတည်ပြုသော ဥပဒေသည် အလိုအလျောက်ကရင်လူထုနှင့်မဆိုင်ဖြစ်သွားသည်။ ကရင်ပြည် ရရှိရန့် အတွက် ကရင်တို့သည် ကုလသမဂ္ဂအထိ တင်ပြလုပ်ဆောင်မည်ဟုလုပ်ငန်းစဉ်အတွင်းထည့်သွင်း ခဲ့သည်။  ကရင်နိုင်ငံအတွက် ကရင်ပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ နယ်မြေသတ်မှတ်ခြင်း (Demarcations) နှင့် ကရင် အမျိုးသားအလံတော်ကို ကရင်တစ်မျိုးသားလုံး၏အလံအဖြစ်အတည်ပြုခြင်း စသည့်အထိ လုပ်ငန်း စဉ်များကို စည်းစည်းလုံးလုံးချမှတ်နိုင်ခဲ့ကြသည်။ နိုင်ငံရေးအရ ကရင်တို့သည် မည်သို့ရှေ့ဆက်သွား မည်ကို လုပ်ငန်းလမ်းစဉ်တိတိကျကျရှိ့နေခဲ့သည်အချိန်သည် ပထမသပိတ်ပြီးနောက်တွင် တွေ့ရသည်။ သို့သော် နိုင်ငံရေးဟူသည် ခေတ်ရေစီးကြောင်းအလိုက်ပြောင်းအလဲရှိ့သည်။ မော်လမြိုင်ညီလာခံမှ ချမျတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်၏ ကာလသည် ကိုလိုနီအုပ်ချုပ်ရေးတည်ရှိ့နေသေးသည့်ကာလ ဖြစ်သည်။


         ဒုတိယသပိတ်သည်လည်း ပထမသပိတ်ပြီးနောက် ချမှတ်ခဲ့သောလုပ်ငန်းစဉ်ကို ပြန်၍ အထောက်အကူပြုသည်။ အထူးသဖြင့် ကရင်တို့သည် မိမိတို့၏နိုင်ငံရေးလာရာကို ပို၍ ခိုင်မာလာစေ သည့်သဘောကို လူထုသပိတ်ဖြင့် တနိုင်ငံလုံးအတိုင်းအတာချပြနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ် မတ်လ (၃)ရက်နေ့တွင်  နှစ်စဉ်ပုံမှန်ကျင်းပပြုလုပ်သည့် နှစ်ပတ်လည်အစည်းအဝေးကို ခေါ်ယူကျင်းပ ခဲ့ပြီး တူညီသော သဘောထားများကို ချမှတ်နိုင်ခဲ့ကြသည်။ ထိုသဘောထားမှာ လွတ်လပ်သော ကရင် ပြည်ရရှိ့ရေးဟူသည့် နည်းလမ်းတခုသာကျန်ရှိ့တော့ပြီး ထိုနည်းလမ်းကို အကောင်အထည်ဖေါ်ရန်သည် လက်နက်ကိုင်တိုက်ပွဲဝင်ရန်နည်းလမ်းဖြစ်သည်။ ထိုနှစ်ပတ်လည်အစည်းအဝေးပြီးသည့်အခါတွင် ဖဆ ပလအစိုးရဘက်မှ တွေ့ဆုံရန်ဖိတ်ကြားလာသည့်အတွက် ကေအဲန်ယူခေါင်းဆောင်းကြီးများနှင့် ဖဆပလ ခေါင်းဆောင်များတွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးအရ ဖဆပလဘက်မှ နည်းလမ်း ၂ သွယ်ချပြခဲ့ပြီး ထိုနည်းလမ်း နှစ်သွယ်မှာ ပါလီမန်နည်းလမ်းဖြင့် ကရင်ပြည်ရရှိအောင် ကြိုးပမ်းခြင်းနှင့်  လက်နက်ကိုင် တော်လှန်ခြင်း ဟူ၍ဖြစ်၍ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်မှုအပေါ် ဆွေးနွေး ခဲ့ကြသည်။ ကေအဲန်ယူဘက်မှ ဥက္ကဌစောဘဦးကြီးလည်း ကရင်လူထုသပိတ်သည် ကရင်လူထု၏ ဆန္ဒကို ထုတ်ဖေါ်ခဲ့ပြီး ဖြစ်သောကြောင့် ကရင်နိုင်ငံပေးခြင်းမပေးခြင်းသည် ဖဆပလအစိုးရ တာဝန် သာရှိ့တော့ကြောင်း တုန့်ပြန်သည်။ သို့သော် ဖဆပလဘက်မှ ပါလီမန်နည်းလမ်းကိုသာ ချည်းကပ်ရန် အဖြေပေးခဲ့သည်။

         ဒုတိယသပိတ်ပြီးနောက် မြေပြင်အခြေအနေသည် အပြောင်းအလဲရှိ့လာသည်။ ဖဆပလအစိုး ရ လက်အောက်တပ်ရင်း ၂ ရင်းသည် တောခိုပြီး၊ ဖဆပလအစိုးရနှင့်အပြိုင်ဆန့်ကျင်ဘက် ကွန်မြူနစ် တို့သည်လည်း ကရင်လူထုအပေါ်အမြင်စောင်းသည်မျိုးရှိ့လာခဲ့သည်။ တောခိုသွားသည့်တပ်ရင်း ၂ ရင်း ၏ အန္တရယ်ပြုနိုင်ဖွယ်အခြေအနေတွင် ကေအဲန်ယူနှင့် ဖဆပလအစိုးရကြား လက်တွဲဆောက်ရွက်မှု အခြေအနေတရပ်လည်းရှိ့ခဲ့သည်။ ထိုအရာက ကရင်လက်နက်ကိုင်တပ်များကို တပ်ဖြန့်ပြီး ရန်ကုန်ကို ကာကွယ်ထားရသည့်အခြေအနေမျိုးဖြစ်သည်။ ကေအဲန်ယူဥက္ကဌဟောင်း စောဘသင်စိန်၏ အဆိုအရ

“ကရင်အမျိုးသားတွေကိုကာကွယ်ဘို့ ကာကွယ်ရေးတပ်တွေကို ဒေသတွေ၊ ခရိုင်တွေမှာ ဖွဲ့ပေးထားပါသည်။ အဲ့ဒီလိုစီစဉ်တဲ့ကာလမှာပဲ ရန်ကုန်ကိုကာကွယ်ဖို့ (KNU) တပ်ဖွဲ့ကိုအသုံးချဖို့ ခေါင်းဆောင်ပိုင်းတွေက သဘောတူ ကြသည်။ ဒါနဲ့ကျွန်တော်တို့ (KNU)တပ်ကို စတင်ဖွဲ့စည်းကြသည်။ ဖွဲ့စည်းပြီးနောက်မှာ ရန်ကုန်ကို ကာကွယ်ဘို့ အတွက် တာဝန်ယူကြသည်။ စစ်ရုံးချုပ်၌ တာဝန်ယူနေတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ကရင်တွေဟာ တွံတေးဘက် မှာလည်း တာဝန်ယူထမ်းဆောင်ရသည်။ မှော်ဘီ၊ လှည်းကူး၊ ထောက်ကြံအထိ ကာကွယ်ရေးတာဝန်ကို (KNU) က လုံခြုံရေးအတွက် တာဝန်ယူကြ ရသည်။ အဲ့ဒီနေရာတွေကစပြီး ရန်ကုန် ဆင်ခြေပုန်းရပ်ကွက်အထိ နှင့် ဤဆင်ခြေပုန်း ရက်ကွက်တွေမှာ ခဏခဏဝင်ရောက်တိုက်ခိုက်နေ တဲ့ ကွန်မြူနစ်တွေသည် ဝင်ပြီးမရမ်းကားရဲတော့တဲ့ အနေအထား မှာ ရှိ့ပါသည်။ ဒါပေမဲ့ ပူးပေါင်းခေါင်းဆောင်မှုမရှိ့တဲ့လူလတ်ပိုင်းတွေက စာနယ်ဇင်းတွေ ချိတ်စောင်းရေးလာကြတော့ အဲ့မှာ ပဋိပက္ခ ဖြစ်လာ တော့သည်။ ခေါင်းဆောင်တွေလည်း စုစုစည်းစည်းနှင့်ဆောင်ရွက် ကြဖို့ ကြိုးပမ်းကြပါသည်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ဥက္ကဌ စောဘဦးကြီးက (ဖ.ဆ.ပ. လ) နှင့် ပူးပေါင်းဆောင်ရွက်နေချိန်ဖြစ်သည်။”


ဤအခြေအနေမျိုးတွင် ပြည်တွင်းပြသနာသည် ဖဆပလနှင့် ကရင်၊ ဖဆပလနှင့် ခွဲထွက် ကွန်မြူ နစ်အကြား နိုင်ငံရေးအရရှုပ်ထွေးနေသည့်အချိန်ဖြစ်သည်သာမက အဖက်ဖက် အားနည်း ချက်ကြောင့် အောက်ခြေတွင်လည်း လူမျိုးရေးအရ တဖက်နှင့်တဖက်လက်နက်ကိုင် သတ်ဖြတ် မှုများရှိ့လာခဲ့သည်။ ထိုကဲ့သို့ဖြစ်လာသည့်ပြသနာကိုလည်း နိုင်ငံရေးနည်းလမ်းဖြင့် အခွင့်အရေး ရတိုင်း အကြိမ်ကြိမ်ဆွေနွေးမှုပြုလုပ်ခဲ့သော်လည်း ဖဆပလဖက်မှ လက်နက်ဖြုတ်သိမ်းရေး ကိုသာတောင်းဆို လာသည်။ ဤကဲ့သို့ ညှိနှိုင်း၍ မရသည့်အခြေအနေတွင် အမှန်တရားကို မိမိတဖက်တည်းသာ ဆွဲကိုင်သည့်အခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခသည် တစတစကြီးထွား လာခဲ့ရသည်။ ကရင်လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားလာရသည့်အခြေခံပြသနာသည် စမ်း ချောင်းမှာရှိ့သည့် ကရင်ရပ်ကွက်ကို ဝင်ရောက်မီးရှို့သည့်အခါတွင် ထိန်းမရသိမ်းမရ အခြေအနေ ဖြစ်လာပြီး၊ ထိုမှတဆင့် သမိုင်းဘက် စစ်မီးကူးလာပြီး အင်းစိန်တိုက်ပွဲသည် စတင်ဖြစ်ပွားခဲ့ရ သည်။ သမိုင်း၊ ခဝဲခြံဘက်စစ်မီးကူးချိန်သည် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့ဖြစ်ပြီး ထိုမှတဆင့် အင်းစိန်တိုက်ပွဲကြီးဖြစ်ပွားခဲ့သည်။ ထို့နေ့ကို ကရင်တို့မှ ကရင့်လက် နက်ကိုင်တော် လှန်ရေးနေ့ဖြစ်သတ်မှတ်ကာ ယနေ့အချိန်အထိလည်း ထို့နေကို နေ့စဉ်နေ့တိုင်း ကရင့်တော်လှန် ရေးနေ့ဟူ၍ ကျင်းပလာသည်က ယခုဆိုလျှင် (၇၅) နှစ်တိုင်ရှိလာပြီးဖြစ်သည်။



ကရင့်လက်နက်ကိုင်တော်လှန်ရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်


         ကရင့်လက်နက်ကိုင်တော်လှန်ရေး၏ အဓိကပန်းတိုင်သည် ကရင့်ကြမ္မာကရင် ဖန်တီး ရေးဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးရှု့ထောင့်သည်လည်း လေဘရယ်ဒီမိုကရေစီဝါဒ မူဘောင်အတွင်းတွင် တည်ရှိနေသည်။ လေဘရယ်ရှု့ထောင့်တွင် လူတဦးချင်းစီမှစုဖွဲ့ပြီး မိမိတို့ ၏ ရည်မှန်းချက်ပန်းတိုင်ကို ရယူနိုင်သည့်အရည်အသွေးမျိုးဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိ့သူ တို့သည်လည်း အခြားသူလက်ထဲတွင် နယ်ရုပ်သဖွယ်သာဖြစ်ရသည်။ ကရင့်ကြမ္မာကရင် ဖန်တီး ရမည်ဟူသော ဥက္ကဌစောဘဦးကြီးမူသည် ကရင်တို့သည် မိမိတို့ကို နယ်ရုပ်သဖွယ်အုပ်ချုပ်သော အုပ်စိုးသူ လူတန်းစား၏ လက်အောက်မှ လွတ်မြောက်၍ နိုင်ငံရေးပုံဖေါ်နိုင်သောအစွမ်း သတ္တိရှိ့ သည့် အသွင်ကို တွန်းပို့သည့် “မူ”ဖြစ်သည်။ 


ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအကောင်အထည်ဖေါ်ရာတွင် လက်နက်ကိုင်ဆောင်ရသည့် လက်နက်နိုင်ငံဝါဒ၊ အမျိုးသားဝါဒ နှင့် ဒီမိုကရေစီ ရှုထောင့် ၃ခုဖြင့် အခြေတည် တည်ဆောက်ကြသည်ကိုတွေ့ရသည်။ လက်နက်နိုင်ငံဝါဒဟူသည်က မိမိ၏ အကန့် အသတ်ရှိ့နေသော နယ်မြေကို ကာကွယ်ရခြင်း၊ အခြားနယ်မြေနိုင်ငံမှာ လာရောက်စိုးမိုးမှုမရှိ့ အောင်ဆောက်ရွက်ခြင်းကိုဆိုလိုပြီး၊ အမျိုးသားဝါဒဟူသည်က နိုင်ငံနှင့်လူထုကို ဆက်စပ်ပေး သည့် အစွန့်မရောက်သည့် နိုင်ငံတော်ဝါဒကို ဆိုလိုသည်။ ဒီမိုကရေစီဝါဒဟူသည်က ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလိုသည့်အုပ်စုသည် ဒီမိုကရေစီနည်းကျ လူထုကို မျက်နှာမူရမည်ကို ဆိုလိုသည်။

         ကရင့်လက်နက်ကိုင်တော်လှန်ရေးမှာ ဥက္ကဌစောဘဦးကြီး ချမှတ်ခဲ့သည့် “လက်နက်ချ ခြင်း အလျင်းမပြုရ၊ ကရင့်လက်နက်ကရင့်လက်ထဲရှိ့ရမည်” ဟူသော “မူ ၂ချက်”သည် လက်နက် နိုင်ငံဝါဒ ဟူသော မိမိနယ်မြေ နိုင်ငံကိုကာကွယ်သည့် ကိုယ်ပိုင်ဌာန်းခွင့်ဖေါ်ဆောင်ရာတွင် ပါရှိ့သည့် သတ်မှတ်ချက် ဖြစ်သလို၊ နိုင်ငံအများစုတို့သည်လည်း လက်နက်နိုင်ငံဝါဒကို ကျင့်သုံးပြီး မိမိတိုင်းပြည်ကိုကာကွယ်နေရသည်။ “ကရင်ကြမ္မာကရင်ဖန်တီးရမည် နှင့် ကရင် ပြည်သတ်မှတ်ခြင်းပြီးပြည့်စုံရမည်” ဟူသော “မူ ၂ချက်” သည်လည်း နိုင်ငံနှင့်လူထုကို ဆက်စပ်ပေးသည့် အမျိုးသားဝါဒဖြစ်ပြီး နယ်မြေနှင့်အုပ်ချုပ်ရေးကိုလည်း အချုပ်အခြာအဏာ ပြီးပြည့်စုံလင်သည့်အထိ ကြိုးပမ်း ရန် ဆော်သြခြင်းဖြစ်သည်။ ထို့ကြောင့် ကရင်တို့ ပုံဖေါ်လာသည့် မိမိကြမ္မာမိမိဖန်တီးသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည်

         ၁) ပြင်ပစိုးမိုးနှောက်ယှက်မှုကင်းခြင်း

         ၂) မိမိအုပ်ချုပ်ရေးဖြင့်မိမိရပ်တည်ခြင်း

         ၃) သီးခြားနယ်နမိတ်အသိအမှတ်ပြုခြင်း တို့ကို ရည်ညွန်းသည့် ဂုဏ်သတ္တိတို့ကို ရည် ညွန်းသည်။

         ကရင့်လက်နက်ကိုင်တော်လှန်ရေးကြာရှည်ရသည့် အဓိက အကြောင်းအရင်ထဲတွင် Rebel Legitimacy နှင့် Internal vs External Self-determination အကြားကျိုးပမ်းမှုတွင် အကျိုး နှင့်အကြောင်း အားနည်းချက်ရှိနေစဲဖြစ်သည်။ Rebel Legitimacy နှင့်ပတ်သက်လျှင် ကရင်တို့သည် အနည်းငယ်ရှိ့ခြင်း (သို့မဟုတ်) မရှိ့နေခြင်းဟူသည့်အခြေအနေနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ကို နိုင်ငံရေးနည်းလမ်းအဖြစ်ကြိုးပမ်းရာတွင်လည်း Internal Self-determination နှင့် External Self-determination အပေါ် ကြိုးပမ်းမှုတွေ ကွာဟမှုရှိ့နေသည်။ (ဤကား နည်းပညာဆိုင်ရာတင်ပြဆွေးနွေးမှုနှင့်သာဆိုင်သည့်အတွက်ကြောင့် နည်းပညာဆိုင်ရာ ဆွေးနွေး ရေးသားမှုများကို ချန်လှန်ခွင့်ပြုပါ)


အနာဂါတ်ကော်သူးလေး


         နှစ်ပေါင်း ၇၅ နှစ်အထိ ရှိ့လာပြီးဖြစ်သော ကရင့်လက်နက်ကိုင်တော်လှန်ရေးသည် အချိန် ကာလအလိုက် အနိမ့်အမြင့်အတက်အကျ ရှိ့ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးကာလ တလျောက်လုံးတွင်လည်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုမျိုးသည် အမြဲလိုလို အခွင့်ရှိ့ သည်နှင့် ဦးစားပေးလုပ်ဆောင်လာခဲ့ကြသည်။ အနီးစပ်ဆုံး တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲ ရေး သဘောတူညီမှုစာချုပ် (NCA) သည်ပင် ယခင့်ယခင်ကာလများထက် နိုင်ငံတကာပါဝင်ပတ် သက်မှုများ ပိုပိုအားကောင်းခဲ့သော်လည်း နောက်ဆုံးတွင် အာဏာကိုယစ်မူးသည့် အဏာရှင်အစု အဖွဲ့မှ တိုင်း ပြည်၏ အာဏာကို လက်နက်အားဖြင့် သိမ်းပိုက်ပြီးနောက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးနိုင်သည့် NCA သည် လူမျိုးစုလက်နက်ကိုင်များအကြား လုံးဝအယုံအကြည်ပျက်ပြီး အချို့လူမျိုးစုမှ NCA မရှိ့တော့ကြောင်း တရားဝင်ကြောငြာသလို (PNLO/PNLA)၊ အချို့လက် နက်ကိုင်များက စစ်အာသိမ်းပြီးနောက် NCA သည် တပါးတည်းပျက်ပြယ်ကြောင်း နှုတ်အားဖြင့် ပြောဆိုမှုမျိုးတွေ့ရသည်။

         ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်း ဖြင့်သာဖြေရှင်းသင့်သည်ဟူသော အယူအဆကို အမြဲရှေ့တမ်းတင် ကြိုးပမ်းခဲ့သည်။ ထိုအယူအ ဆအပေါ် တော်လှန်ရေးခရီးစဉ်တလျောက်လုံးတွင် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိ့ခဲ့ ပေ။ ထိုသို့ဖြစ်ရခြင်းက နိုင်ငံရေးချည်းကပ်မှုနည်းနာမှားယွင်းမှုကြောင့်လား (သို့မဟုတ်) အခြေ အနေပေးမှုကြောင့်လားတော့ ပြောရခက်သည်။ သို့သော် ကာလတလျောက်လုံး ကေအဲန်ယူ၏ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာရမည့် “အယူအဆ” (သို့မဟုတ်) “မူ”သည် အမြဲလိုပင် အထက်မှအောက်သို့ ချည်းကပ်ခဲ့သည့် နိုင်ငံရေးချည်းကပ်မှုမျိုးဖြစ်ခဲ့ပြီး ထို ချည်းကပ်မှုနည်းလမ်းသည် တော်လှန်ရေးသက်တမ်း နှစ်ပေါင်း ၇၄ နှစ်အတွင်း အောင်မြင်မှုမရ ခဲ့ပေ။

         ၂၀၂၃ ခုနှစ်အကုန်ကာလတွင် ကေအဲန်ယူ၏ နိုင်ငံရေးစဉ်းစားချက်သည် သိသိသာသာ အရွေ့တခုကို ပြောင်းသွားသည်။ ထိုအရာက အောက်ခြေမှအထက်သို့ ချည်းကပ်သော နိုင်ငံရေး စဉ်းစားချက် (သို့မဟုတ်) နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရာတွင် ယခင်လို အထက်အောက်ဆန်သောချည်းကပ်မှုထက် အောက်ခြေမှအထက်သို့ စဉ်းစားနိုင်ငံရေးစနစ် အသွင်သို့ပြောင်းလဲလာသည်ကို တွေ့ရသည်။ တဆက်တည်းမှပင် မြန်မာပြည်အတွင်းရှိ့ လက်နက်ကိုင်တော်လှန်သည့်လူမျိုးစုအသီးသီးတို့သည်လည်း အောက်ခြေမှအထက်ဟူသော နိုင်ငံရေးစဉ်းစားမှုကို ပို၍ အာသီသရှိ့လာသည်ကိုတွေ့ရှိ့ရသည်။ ထို့အပြင် လူမျိုးစုအသီးသီးတို့ သည် ပြည်ထောင်စုဝါဒ (သို့မဟုတ်) ဖက်ဒရယ်ဝါဒကို အခြေခံစဉ်းစားရာတွင်လည်း Holding Together (မပြိုကွဲရန်အတင်းစုပေါင်းထားခြင်း) ဟူသည့် ချည်းကပ်မှုထက် Coming Together (အချင်းချင်းချိတ်ဆက်စုစည်းမှု) ချည်းကပ်မှုဆီသို့ ပို၍ဦးတည်လာသည်။ သို့သော် အချုပ်အခြာအာဏာသည် မည်သူ့လက်ထဲမှာရှိ့နေသနည်းဟူသောမေးခွန်းမှာမူ ပြသနာ တရပ်ကိုကြုံနေရသည်။ လူထုအချို့တို့က ရွေးကောက်ပွဲအနိုင်ရအမတ်တွေထံ စစ်ကောင်စီမှ အချုပ်အချာအာဏာကို မတရားသိမ်းပိုက်ရယူသည်ဟုမြင်ကြသူရှိ့သလို၊ အခြားလူထုအချို့တို့၏ အမြင်မှာမူ အချုပ်အခြာအာဏာသည် မိမိတို့၏နယ်မြေနေရာအတွင်းရှိ့ မိမိတို့လူထု၏ လက်ထဲ မှာသာရှိ့သည် ဟူသော အမြင်ရှိ့နေသည် (bottom-up soverignty and voluntary participation )။ ထိုအခါဆင်နွဲနေသည့်လက်နက်ကိုင် တော်လှန်ရေး သည် ထီးကျနန်းကျ ဘုရင်လိုမျိုး မိမိနေရာပြန်ရရေးအတွက်တော်လှန်သည့် ပုံစံမျိုးနှင့် မိမိ၏မျိုး နွယ်တူ လူမျိုးစုအခြေပြု အသိအမှတ်ပြုနယ်မြေကို ပြန်၍စိုးမိုးမှုရှိ့အောင် လုပ်ဆောင်ပြီး တော်လှန်သည့် ပုံစံမျိုးဟူ၍ တော်လှန်ရေးမှာ ပုံစံကွဲ (၂)မျိုးရှိ့နေသည်။

         ကေအဲန်ယူန်၏ အနာဂါတ်ကော်သူးလေးစဉ်းစားချက်သည်လည်း နယ်မြေအခြေပြု စဉ်းစားသည့် နိုင်ငံရေးစဉ်းစားချက်ဖြစ်သည်။ အကြောင်းအရင်းမှာ လက်ရှိ့ ကော်သူးလေးအခြေ ခံနယ်မြေဖြစ်သော သထုံခရိုင်၊ တော်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဘားအံခရိုင်တို့သည် ကရင်လူမျိုးတမျိုးတည်းသာတည်ရှိ့သည့် နယ်မြေမဟုတ်ခြင်း (အခြားလူမျိုးစုထက် ကရင်လူဦးရေးများ) သောကြောင့်ဖြစ်သည်။ အခြားတဖက်တွင် ကေအဲန်ယူ၏ နိုင်ငံရေးသည် အောက်ခြေမှ အထက်သို့ စဉ်းစားသည့် နိုင်ငံရေးနည်းနာသည်လည်း မိမိအသိုက်အမြုံ၊ မိမိအိမ်မိမိအရင်တည်ဆောက်ရသည့် နိုင်ငံရေးဖြစ်သည်။ တဖက်တွင် ကေအဲန်ယူသည် မိမိအုပ်ချုပ်နယ်မြေအတွင်း လူထု၏ ထောက်ခံမှုကို အတန် အသင့်ရရှိ့ထားပြီးဖြစ်သည်။ သိုသော် ကော်သူးလေး၏ အနာဂါတ်ကို ပုံဖော်ရာတွင် အဓိက ကျသည့်အချက်မှာ လူထုဖြစ်သည်။ လူထု၏ လက်ထဲတွင်အချုပ် အခြာအာဏာရှိပြီး ထိုအရာကို ကေအဲန်ယူသည် လူထု၏ ယုံကြည်မှု၊ လူထု၏လေးစားမှု နှင့် လူထု၏ ကြည်ညိုမှု ကို ရရှိရန်ကြိုးပမ်းနိုင်မှသာလျှင် အနာဂါတ်ကော်သူးလေးသည် မည်သို့မည်ပုံရှိ့လာနိုင်မည်ကို ကြိုတင် စိတ်ကူးပုံဖေါ်နိုင်မှာဖြစ်သည်။ ထို့ကြောင့် လူထု၏ နိုင်ငံရေးအသိ၊ နိုင်ငံရေး ရေချိန် နှင့် ကေအဲန်ယူ၏ လူထုအပေါ်အလုပ်အကြွေးပြုမှုသည် ဤအချိန်တွင် အလွန့်အလွန်အရေးပါသောအချိန်ဖြစ်သည်။


နိဂုံး

         ကရင့်တော်လှန်ရေးသည် ၇၅နှစ်အထိရှိ့လာပြီးဖြစ်သည့်အားလျော်စွာ ကရင်တို့ တောင်း တမျှော်လင့်နေသည့် ကိုယ်ကြမ္မာကိုယ်ဖန်တီးရေးဟူသော ကော်သူးလေးအိမ်မက်သည်လည်း တက်သစ်စနေဝန်းပမာ အရိပ်အမွကိုမြင်လာရသည့်အခြေအနေရှိ့နေလာသည်။ စောဘဦးကြီး ချမှတ်ခဲ့သော “မူ” ၄ ချက်တွင် ကရင်တို့သည် မိမိကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြဌာန်းရာ၌ နိုင်ငံ တနိုင်ငံသဖွယ် အုပ်ချုပ်ရေး၊ စစ်ရေး နှင့် တိကျသေချာသည့်နယ်မြေသတ်မှတ်မှု စသည့်အခြေခံ သဘောတရားဖြင့် ခိုင်မြဲစွာတည်ဆောက်ထားသည်။ လက်ရှိ့ ၃ နှစ်ကျော်ကာလ မြန်မာတနိုင်လုံး အတိုင်းအတာဖြစ်ပွားနေသော နွေဦးတော်လှန်ရေးတွင် ကရင်လူမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိ့သင့်သည်နေရာများကိုလည်းပြန်လည်ရရှိနေသလို ကေအဲန်ယူ၏ နိုင်ငံရေးသည် လည်း ယခင့်ယခင်အချိန်က ချည်းကပ်ခဲ့သည့် နိုင်ငံရေးနည်းလမ်းဟောင်းများနှင့် ခွဲထွက်သွားပြီး ဖြစ်သည်။ ထို့ကြောင့် ၇၅နှစ်ပြည့်ချိန်နောက်ပိုင်းတွင် ဖြစ်တည်လာမည့် ကော်သူးလေး၏ အနာဂါတ်သည် နိုင်ငံရေးကို အဓိက ဦးစီးသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အရည်အချင်း နှင့်  လူထု၏ နိုင်ငံရေးအသိ၊ နိုင်ငံရေးနိုးကြားမှု နှင့် နိုင်ငံရေး ရေချိန်အပေါ် မှီခိုနေ  သောကြောင့် စာရေးသူအနေဖြင့် လက်ရှိ့ ကရင့်လက်နက်ကိုင်တော်လှန်ရေးအပေါ် အထူးသဖြင့် ကရင်လူမျိုးများ ပိုမိုအာရုံစိုက်အလေးပေးရန် အထူးတိုက်တွန်းလိုပါသည်။


ဤဆောင်းပါး၌ပါရှိသော အာဘော်သည် စာ‌‌ရေးသူ၏ အာဘော်သာဖြစ်သည်။ [Kawthoolei.Institute]